-->

Thursday, November 1, 2012

Windows 7 မှာ အားနည်းချက် (၁၀) ခု

Microsoft ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် ထုတ်ကုန်ဖြစ်တဲ့  Windows 7 ဟာ ၂၀၁၀ ပြည့်နှစ် အတွင်း အရောင်းရဆုံး Microsoft ထုတ်ကုန် တစ်ခုဖြစ်ခဲ့သလို လက်ရှိအနေအထားမှာလည်း တဖြည်းဖြည်းနဲ့  လူကြိုက်ပိုများလာခဲ့ပါပြီ။ ခုဆိုရင် Windows 7 ရဲ့ Service Pack 1 တောင် ထွက်လာပြီမို့ ရှိနှင့်ပြီးသား အားနည်းချက်တွေ အတော်အတန် ဖာထေးပြီးသား ဖြစ်သွားခဲ့ပါပြီ။ ဒါတောင်မှ Microsoft ထုတ်ကုန်တွေရဲ့ ထိပ်ဆုံးမှာရှိနေတဲ့ Windows 7 မှာ အားနည်းချက် (၁၀) ခုတောင် ရှိနေသေးတယ်လို့ ဆိုပါတယ်။ အဲဒါတွေက ဘာများပါလိမ့် . . .။

၁။ ဖောင်းဖွနေတုန်းပဲ
    Windows  ထွက်ပေါ်လာခဲ့တာ (၂၅) နှစ် ကျော်သွားခဲ့ပါပြီ။ ပြိုင်ဘက်တွေကို အဆင့်ဆင့် ဖြတ်ကျော်ခဲ့ပြီးတာတောင်မှ Windows ဟာ သုံးစွဲသူတွေကို စိတ်ကျေနပ်မှု အပြည့်အဝ မပေးစွမ်း နိုင်သေးပါဘူး။ Windows နဲ့ ပတ်သက်ရင် အလိုမကျစရာတွေက တစ်ပုံတစ်ပင် ရှိနေမြဲဖြစ်ပြီး Windows မုန်းတီးသူ၊ Microsoft မုန်းတီးသူတွေကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ အဓိက ပြဿနာ တစ်ရပ်ကတော့ Windows ရဲ့ ပမာဏ ဖောင်းပွနေတာပဲ ဖြစ်ပါတယ်။ Microsoft ကတော့ အသုံးပြုသူတွေ အဆင်ပြေအောင် Software အဟောင်းတွေ၊ Hardware အဟောင်းတွေနဲ့ လိုက်ဖက်မှုရှိအောင် စီမံပေးထားတဲ့ သဘောပါ။ ဒါပေမဲ့ ၁၉၉၆ ခုနှစ်လောက်က ထုတ်လုပ်ထားတဲ့ Software ကို သုံးစွဲလို့ရအောင် ဖန်တီးပေးထားတယ်ဆိုတာ သိပ်ပြီးတော့ အဓိပ္ပာယ် မရှိလှပါဘူး။ Windows အသစ်တွေထွက်တိုင်း အဟောင်းတွေဆီကနေ Settings တွေ လက်ဆင့်ကမ်း ယူသွားလိုက်တာ Windows 7 အဆင့်ရောက်တဲ့ အခါမှာတော့ ကြီးကလည်းကြီး၊ လေးကလည်းလေး ဖြစ်သွားတော့တာပါပဲ။

၂။ လုံခြုံရေး ပြဿနာတွေ
    Windows OS ဟာ လူကြိုက်များမယ့်သာ များနေတာ၊ သူ့ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ Mac OS, Linux တို့လောက်တောင် လုံခြုံမှု မရှိဘူးလို့ ကွန်ပျူတာ ကျွမ်းကျင်သူ အချို့က တောက်လျှောက် ဝေဖန်လာခဲ့တာပါ။ Windows Vista ထွက်လာတော့ Windows XP ထက် အများကြီး ပိုလုံခြုံတယ်ဆိုပြီး ကြော်ငြာခဲ့ပါတယ်။ ဆိုးတာက Windows Vista ဟာ Hardware လိုအပ်ချက်အလွန်များပြီး “လေး” လွန်းလို့ ဘယ်သူကမှမကြိုက် ဖြစ်သွားခဲ့ပါတယ်။ Windows 7 ထွက်လာတော့ Windows Vista ထက်တောင် ပိုမိုလုံခြုံတယ်ဆိုပြီး Microsoft လိုလားသူတွေက ခပ်ကြွားကြွားလေး ပြောခဲ့ကြပါတယ်။ ဒီစကားဟာ မှန်သင့်သလောက်တော့ မှန်ပါတယ်။ ဒါပေမဲ့ Windows 7 တောင်မှ အချက်အလက် အခိုးခံရတာကနေ Hard drive တစ်ခုလုံး ပျက်စီးသွားနိုင်တဲ့ အထိလုံခြုံရေး ဟာပေါက်တွေ ရှိနေပါသေးတယ်လို့ Microsoft ဟာ ဆိုက်ဘာလူဆိုးတွေရဲ့ တိုက်ခိုက်မှုတွေရန်ကနေ ကာကွယ်နိုင်ဖို့ တစ်နည်းနည်းတော့ ကြံဆရပါဦးမယ်။

၃။ လူတကာရဲ့ ပြစ်မှတ်ဖြစ်လာ
    ကမ္ဘာတစ်လွှားက Windows အသုံးပြုသူတွေအတွက် လုံခြုံရေး ပြဿနာတွေ အရင်တုန်းကတည်းက များနေရတဲ့အထဲ Windows ကို မဦးတည် တိုက်ခိုက်တဲ့သူ ပိုပိုများလာတဲ့ အချက်က ဘူးလေးရာ ဖရုံဆင် ဖြစ်လာစေခဲ့ ပါတယ်။ လွန်ခဲ့တဲ့နှစ် အနည်းငယ်လောက်ကဆိုရင် ဆိုက်ဘာခြိမ်းခြောက်မှု တစ်ခုကို အလွယ်တကူ ဖယ်ရှားနိုင်ခဲ့ပေမယ့် အခုဆိုရင်တော့ ခြိမ်းခြောက်မှု တစ်ခုကိုမှ ဖြေရှင်းလို့ မပြီးသေးဘူး၊ နောက်ထပ်ခြိမ်းခြောက်မှု တစ်ခုက ထပ်ပြီးပေါ်လာတတ် ပါသေးတယ်။ ဒါဟာ မူပိုင်ခွင့် နည်းပညာတွေနဲ့ လက်ဝါးကြီးအုပ်တတ်လွန်းတဲ့ Microsoft ကိုမုန်းတဲ့သူ များလာတာကြောင့် ဖြစ်တဲ့အပြင် အိုင်စီတီ နည်းပညာကို အရူးအမူး လေ့လာလိုက်စားကြရင်း လမ်းမှားရောက်သွားတဲ့ လူငယ်တွေ များလာတာကြောင့်လည်း ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း လူတိုင်းနဲ့ လက်လှမ်းမီပြီး အလွယ်တကူ လက်တည့်စမ်းနိုင်တဲ့ နည်းပညာဆိုလို့ Microsoft Windows ပဲရှိတာမို့ ဒီလိုဖြစ်နေရတာပါ။ Microsoft ဟာ အားလုံးနဲ့ အဆင်ပြေအောင် မနေနိုင်ရင် အားလုံးထက် နှာတစ်ဖျားသာအောင်တော့ အမြဲကြိုးစားနေဖို့တော့ လိုပါလိမ့်မယ်။

၎။ Software စုစည်းမှုအားနည်း
    ၂၀၁၁ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ Apple ကုမ္ပဏီဟာ သူတို့ရဲ့ Mac OSX Snow Leopard မှာ သုံးစွဲနိုင်မယ့် Application တွေကို စုစည်းပေးထားတဲ့ Mac App Store ဆိုတာကို စတင် လွှင့်တင်ပေးခဲ့ပါတယ်။ ဒီဝက်ဘ်ဆိုက်ဟာ တဖြည်းဖြည်းနဲ့ လူသုံးများလာတဲ့ iPad နဲ့ iPhone အတွက်ပါ အထောက်အပံ့ ပေးနိုင်ပါတယ်။ Software တွေ အားလုံးကို တစ်နေရာတည်းမှာ အလွယ်တကူ ဝယ်ယူလို့ရတော့ Mac OSX  ရဲ့ လူကြိုက်များမှု ပမာဏလည်း ထိုးတက်သွားခဲ့ပါတယ်။ Microsoft ကတော့ Windows 7 နဲ့ ပတ်သက်လာရင် ဒီလိုမျိုး အွန်လိုင်း Software Store မလုပ်ပေးနိုင်သေးပါဘူး။ Android မှာလည်း သူ့ရဲ့ ကိုယ်ပိုင် App Store ရှိလို့ အောင်မြင်လာတာဖြစ်သလို iPod ဆိုတာကလည်း သီချင်းရောင်းတဲ့  iTunes ဝက်ဘ်ဆိုက်ရှိလို့ လျှမ်းလျှမ်းတောက် သွားခဲ့တာပါ။ Mac OS ဘက်ကို လူတွေ ပြန်လှည့်မသွားဖို့ Windows 7 App Store တစ်ခုတော့ ရှိဖို့လိုနေပါပြီ။
၅။ ကိုယ်ပိုင်ဟန်ရှိဖို့လိုတယ်
    Microsoft ဟာ ကမ္ဘာ့နံပါတ် (၁) နေရာရဖို့ ဘာမဆို လုပ်ဆောင်လာခဲ့တာပါ။ အင်တာနက် Browser အပိုင်းနဲ့ ပတ်သက်ရင် Netscape နဲ့စစ်ခင်းခဲ့ရတယ်၊ အသုံးပြုသူဘက်က တွေ့ မြင်ရတဲ့ သွင်ပြင် (UI) အတွက် Apple နဲ့ ယှဉ်ပြိုင်ခဲ့ရတယ် အစရှိသဖြင့် အပွဲပွဲနွှဲလာခဲ့ရတဲ့ Microsoft ဟာ တကယ်တမ်းမှာတော့ သူ့ပြိုင်ဘက်တွေရဲ့ နည်းပညာတွေကို တစ်ခုမဟုတ်တစ်ခု အတုခိုးရင်း ရှေ့တက်လာခဲ့တာပါ။ ဒီတော့ Microsoft ရဲ့ Windows ဟာ ကိုယ်ပိုင်သွင်ပြင် မရှိလှဘဲ ဟိုစပ်စပ် သည်စပ်စပ်နဲ့ ရောမွှေထားသလို ဖြစ်နေပါတယ်။ သူ့မှာကိုယ်ပိုင်ဟန် ရှိဖို့လိုအပ်လာပါပြီ။ Windows မှာ သုံးလို့ရတဲ့ Application တော်တော်များများကို အထောက်အပံ့ ပေးတဲ့ Ubuntu Linux ဟာ ကိုယ်ပိုင်ဟန်ရှိလို့ အောင်မြင်လာတာပါ။
၆။ Cloud ကို ဘယ်လိုကိုင်မလဲ
    Google က Chrome OS ကိုထုတ်ပြပြီး Cloud အခြေပြုလုပ်ငန်းစဉ်ကို ချပြခဲ့တဲ့အခါ Microsoft ဘက်က ဘယ်လိုတုံ့ပြန်မလဲလို့ အားလုံးက သိချင်ခဲ့ကြပါတယ်။ ဒါပေမဲ့ Microsoft ဟာ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး OS ထုတ်လုပ်တဲ့ ကုမ္ပဏီ မပီသစွာနဲ့ဘဲ သိသိသာသာ  offline  ဖြစ်နေဆဲပါပဲ။ Online အခြေပြု Application တွေကို ပြိုင်ဆိုင်နိုင်ဖို့ Microsoft ဟာ စိတ်မပါ့တပါနဲ့ပဲ ကြိုးပမ်းနေဆဲဖြစ်ပြီး သူ့ရဲ့ Office Suite ကို Online ကနေ သုံးစွဲလို့ရအောင် ဖန်တီးပေးထားပါတယ်။ Windows 7 ဟာ DVD ဘူးခွံနဲ့ ရောင်းတဲ့အထဲမှာတော့ ထိပ်တန်းရောက်နေပေမယ့် Cloud  နဲ့ ပတ်သက်လာရင်တော့ နောက်ကောက်ကျနေဆဲပါ။
၇။ MacOSX လောက် အထာမကျ
    Apple ရဲ့ OS ဟာ စတင် ထွက်ပေါ်လာကာစက ရုပ်ထွက် အလွန်ကောင်းမွန်လို့ လူကြိုက် အလွန်များခဲ့ပေမယ့် Windows နဲ့ Intel တို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် မှေးမှိန်ခဲ့ရတာပါ။ ဒါတောင်မှ ပြုပြင်သင့်တာတွေကို ပြုပြင်နိုင်ခဲ့လို့ အခုချိန်မှာတော့ MacOSX ဟာ Windows 7 ထက်ပိုမို ပေါ့ပါးတယ်၊ ဒီဇိုင်း ပိုကောင်းတယ်၊ လုံခြုံရေးပြဿနာ ပိုနည်းတယ်ဆိုတဲ့ ကောင်းသတင်းတွေနဲ့ မွှေးပျံ့နေပါပြီ။ ဝန်ခံစရာရှိတာက MacOSX ဟာ ဈေးကွက်ဝေစု အရမ်းနည်းတဲ့ အတွက် ဘယ် Hacker ကမှ အချိန်ကုန်ခံ လက်တည့်စမ်း မနေဘူးဆိုတဲ့ အချက်ပါပဲ။ ဒါတောင်မှ သူ့ရဲ့ Permission Settings  တွေဟာ  Windows 7 ထက် ပိုမို ကောင်းမွန်တယ်ဆိုတဲ့ အချက်ကလည်း အထင်အရှားပါပဲ။ Windows 8 ထွက်လာတဲ့ အခါ MacOSX နဲ့ တူသည်ထက် ပိုတူလာတယ်ဆိုရင် မထူးဆန်းပါဘူး။
၈။ XP ကို အမြတ်ဖြတ်ဖို့ ခတ်နေ
    ကုမ္ပဏီကြီးတွေရဲ့ ဝယ်ယူအားပေးမှုကြောင့် Microsoft Windows ရယ်လို့ မော်ကြွားနေတာပါ။ စက်တစ်လုံးကို Copy တစ်ခုပဲ ရောင်းရစေဦး၊ ကွန်ပျူတာအလုံး (၄၀၀) လောက်ရှိတဲ့ စီးပွားရေး လုပ်ငန်းတစ်ခုကို အပိုင် ကိုင်နိုင်လိုက်မယ်ဆိုရင် ခိုင်သွားမှာပါ။ ဒါပေမဲ့ လက်ရှိဖြစ်နေတာက Windows XP ဟာ အသုံးပြုသူတွေနဲ့ အင်မတန် အသားကျနေလို့ Windows 7 ကို Upgrade လုပ်ဖို့ စီးပွားရေး လုပ်ငန်းတွေက လက်တွန့် နေကြပါတယ်။ ကုန်ကျစရိတ်ကို ပြန်တွက်ကြည့်တိုင်း တွက်ချေမကိုက် ဖြစ်နေတာက တစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကျဆင်းနေမှုကြောင့် အသုံးစရိတ် ချွေတာနေရတာက တစ်ကြောင်း၊ XP ကို စွန့်ပစ်တဲ့ ကုမ္ပဏီ နည်းပါးနေပါသေးတယ်။ Windows 8 ထွက်မှ OS ပြောင်းသုံးအောင် ဆွယ်မယ်ဆိုရင်တော့ Microsoft ပြတ်ကျန်ခဲ့ ပါလိမ့်မယ်။ Windows 7 အပေါ်လက်ခံမှု အတိုင်းအတာ တစ်စုံတစ်ရာ ရှိပေမယ့် အသစ်တွေ ဘယ်လောက်ကောင်းကောင်း အဟောင်းမှာပဲ တလည်လည် ဖြစ်နေတယ် မဟုတ်ပါလား။

၉။ Vista ကြောင့် မျက်နှာပျက်ခဲ့ရတာကို အဖတ်မဆည် နိုင်သေးဘူး
    ပွဲတိုင်းကျော် Microsoft ဟာ Windows XP နဲ့ အောင်မြင်မှု သရဖူ ဆောင်းခဲ့ပေမယ့် Windows Vista ထုတ် အရောင်းမှာတော့ အကြီးအကျယ် မျက်နှာပျက်ခဲ့ ရပါတယ်။ Windows XP  နဲ့ ဘာမှကို မဆိုင်တော့လောက်အောင် ပြုပြင်ပြောင်းလဲလိုက်တဲ့ သွင်ပြင်ကြောင့် အသုံးရခက်တဲ့ ကြားထဲ Hardware တောင်းဆိုမှုကလည်း အလွန်မြင့်မားတာကြောင့် Vista ဟာ လူတွေ အလုအယက် Upgrade လုပ်ရမယ့် OS  ဖြစ်လာရမယ့် အစား  Vista သွင်းထားပြီးသား စက်ကို  XP  ပြန်သွင်းရတဲ့ အဆင့်အထိ  Downgrade OS  ကြီး ဖြစ်သွားခဲ့ပါတယ်။ Vista ကြောင့် Microsoft ရဲ့ အမာခံ လက်တွဲဖော်တွေ ဖြစ်တဲ့ Dell နဲ့ HP တို့ပါ အကြီးအကျယ် နစ်နာခဲ့ရပြီး အသုံးပြုသူ တော်တော်များများလည်း Mac OS X နဲ့ Linux ဘက်ကို လှည့်သွားခဲ့ပါတယ်။ Windows 7 ထွက်ပေါ်တာ တစ်နှစ်လောက် ကြာသွားပြီးတဲ့ နောက်မှာတော့ Vista နဲ့ ပတ်သက်တဲ့ စိတ်နာစရာတွေကို လူတွေမေ့သင့်သလောက် မေ့သွားပြီလို့ ဆိုရပေမယ့် Windows 8 ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေတဲ့ ပရိသတ် ဦးရေတော့ လျော့ကျသွားခဲ့ ရပါပြီ။

၁၀။ အကြံပေးစကား နားထောင်ဖို့လို
    Microsoft ရဲ့ အကြီးဆုံး ပြဿနာကတော့  Windows ကို ထုတ်လုပ်တဲ့ (၂၅) နှစ်တာ ကာလအတွင်း ဘယ်သူတစ်ဦး တစ်ယောက်ရဲ့ အကြံပေး စကားတွေကို နားမထောင်ခဲ့တဲ့ အချက်ပါပဲ။ Windows နဲ့ပတ်သက်ပြီး ဝေဖန်သူတွေက ဘာတွေပြောနေတယ်၊ အသုံးပြုသူတွေက ဘာတွေ မကျေနပ်ဘူးလဲ စတာတွေကို အသိအမှတ်ပြုဖို့ Microsoft က နှေးကွေးနေခဲ့တာပါ။ Windows Vista ရဲ့ လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်ပေးကြဖို့ တစ်ကြိမ်သာ ဖွင့်ပေးခဲ့တာက လွဲရင် Microsoft ကုမ္ပဏီဟာ အသုံးပြုသူ အသိုင်းအဝိုင်းနဲ့ ခပ်စိမ်းစိမ်းပါပဲ။ ရှေ့ကို ဆက်သွားမယ်ဆိုရင် Microsoft ဟာ ငြင်းခုံစရာ တစ်ခုခုဖြစ်လာတိုင်း အပေါ်စီးကနေ ပြောဆိုတတ်တဲ့ အကျင့်ကို လျှော့ပြီး Windows ရဲ့ ပြဿနာတွေကို လူတွေ ပြောတာထက်စာရင် Windows ရဲ့ အကျိုးကျေးဇူးတွေကို လူတွေပိုပြောလာဖို့ ဆောင်ရွက်ပေးရပါမယ်။ Linux အသုံးပြုသူ အသိုင်းအဝိုင်းကိုပဲ ကြည့်ကြည့်၊ Mac OSX အသုံးပြုသူ အသိုင်းအဝိုင်းကိုပဲ ကြည့်ကြည့်၊ Windows အသုံးပြုသူ အသိုင်းအဝိုင်းထက် စာရင်တော့ မိခင်ကုမ္ပဏီအပေါ် ပိုပြီးသက်ရောက်မှု ရှိကြပါတယ်။ ပြောရရင်တော့ Windows ဟာ လူသုံးအများဆုံး ဆိုပေမယ့် လူချစ်လူခင် အများဆုံးတော့ မဟုတ်ခဲ့ပါဘူး။ အထက်ဖော်ပြပါ အချက်တွေကို ပြုပြင်ဆောင်ရွက်နိုင်မယ် ဆိုရင်တော့ လူတော်တော်များများအသည်းစွဲဖြစ်လာမှာပါ။

No comments:

Post a Comment